၁၄။ သရဝဏ် (ပြည်)- ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးရေးခဲ့သော ဂါသကျမ်း ၌ လည်း ဗုဒ္ဓဘုရားရှင်
သည် သူ၏လက်ဝဲဘက် ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ(မက္ကာ)တွင် ချတော်မူသည်
ဟု အထူးအလေးထား ဖော်ပြထားပါသည်။
ရဲရင့်သစ္စာ - ကျွန်တော် အရင်လည်းရေးခဲ့ဖူးပါတယ်။ သရဝဏ် (ပြည်) က Dr. Sripali Vaiamon ရဲ့ Buddhist History of Afghanistan and South India ဆောင်းပါးကို ဘုရားဟောတမျှ လုံးဝ ဥဿုံ
မျက်စိမှိတ် ယုံကြည်ထားပုံရပါတယ် လို့။ ဗုဒ္ဓကိုယ်တော်မြတ်ကြီး က သူ၏လက်ဝဲဘက် ခြေတော်ရာ
ကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူတယ်လို့ ဂါသကျမ်းမှာလည်း ရေးထားတာ
မတွေ့မိပါဘူးခင်ဗျား။ ဂါသကျမ်း (Gathas) အင်္ဂလိပ်ဘာသာပြန် ကို သွားရောက်ဖတ်ရှုကြည့်ပါ။ http://www.sacred-texts.com/bud/mzb/mzb01.htm Dr. Sripali Vaiamon ဆိုသူက လူတွေလက်လှမ်းမမှီလောက်ပါဘူးလို့ ထင်မြင်ပြီး ကျမ်းတစ်ခုအမည်ကို ဆောင်းပါးထဲမှာထည့်၊ ကိုယ်ရေးချင်တာရေးပြီး လိမ်လည်ထားတာကို သရဝဏ် (ပြည်) က မစူးစမ်း မဆင်ခြင်၊ မလေ့လာ
မဆန်းစစ်ပဲ ဂါသကျမ်းကို ကိုယ်တိုင်ဖတ်ရှုလေ့လာဖူးသလို ထပ်ဆင့်လိမ်လည်ရေးသားလိုက်တော့ သရဝဏ် (ပြည်) ရဲ့ ဆောင်းပါးလေး က အလွန့်အလွန်ကို တန်ဖိုးမဲ့သွားပြန်ပါတော့တယ်။ သရဝဏ် (ပြည်)ဗဟုသတ ရဖို့ ပြောပြချင်တာ က ဂါသကျမ်းဆိုတာ ဇိုရိုအက်စတာဘာသာမှာလည်း ရှိပါတယ်။ ဓမ္မတေး ၁၇ ပုဒ် ကို (Gathas) လို့ခေါ်ပါတယ်။ (ကိုးကား-The Hymns of Zoroaster usually
called the GATHAS by KENNETH SYLVAN LAUNFAL GUTHRIE, The Platonist Press,
U.S.A, 1914) ဟိန္ဒူ ဘာသာမှာလည်း ဂါသကျမ်းတွေ ရှိပါတယ်။ (ကိုးကား-The Oxford Dictionary
of the World Religions, Oxford University Press, 1997)
၁၅။ သရဝဏ် (ပြည်)- ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခု
ကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာဝင်တို့ အလေး အမြတ်ထားကြသော
အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကိုတစ်ချိန်က ချထားခဲ့သည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခဲ့သည်ဟု ဆို၏။
ရဲရင့်သစ္စာ - ဗုဒ္ဓ ကိုယ်တော်မြတ် ဟာ သက္ကရာဇ် ဘီစီ ၆ ရာစု မှာ ဖွားမြင်တော် မူခဲ့ကြောင်း အထောက်အထားအကိုးအကား အထူးပေးပြီး ဖော်ပြနေစရာ မလိုဘူးလို့ထင်ပါတယ်။ (လိုအပ်
ရင်တော့ ပြောပါ)။ တမန်တော် အစ်ဘရာဟင်မ် (Abraham)ဟာ ဘီစီ ၂၀၀၀ အစောပိုင်း မှာ ရှင်သန်နေထိုင်ခဲ့သူ ဖြစ်ကြောင်း ပညာရှင် အများစုကြီး က လက်ခံထားပါတယ်။ (ကိုးကား--Encyclopaedia Britannica, entry:Abraham) ဘီစီ ၂၀၀၀ အစောပိုင်းမှာ နေထိုင်သူ က ဘီစီ
၆၀၀ အနီးအနားမှာ နေထိုင်ခဲ့သူရဲ့ ခြေရာ ကို တွေ့ခဲ့တယ် လို့ ရေးထားတဲ့ ကျမ်းကို ကိုးကားပြီး
ဆောင်းပါးထဲ ထည့်ရေးတာဆို တော့ အားနာနာနဲ့ပဲ ပြောချင်ပါတယ်။ Dr. Sripali Vaiamon နဲ့ သရဝဏ် (ပြည်) တို့ စိတ်မှနှံ့သေးရဲ့လားလို့။
၁၆။ သရဝဏ် (ပြည်)- ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။
ရဲရင့်သစ္စာ - ဘီစီ ၆၀၀ အနီးအနား နေထိုင်ခဲ့သူရဲ့ ခြေရာကို ဘီစီ ၂၀၀၀ အစောပိုင်းနေထိုင်သူ က တွေ့ရှိခဲ့တယ် ဆိုတဲ့ အဆိုကို အသေးစိတ်ဆက်လက်လေ့လာ သုတေသန ပြုဖို့ အတွက် သရဝဏ်(ပြည်) ဦးဆောင်ပြီး မြန်မာ့သမိုင်းကော်မရှင်တို့၊ ကမ္ဘာ့တက္ကသိုလ် ကြီးတွေ က သမိုင်း
ဌာန ကြီးတို့ကို အကြံပေးကမ်းလှမ်းကြည့်ပါလို့ ပြောချင်ပါတယ် ခင်ဗျာ။ သရဝဏ် (ပြည်) ရဲ့
proposal ကို Oxford လို တက္ကသိုလ် ကြီးက လက်ခံလိုက်ရင်ဖြင့် တိုင်းပြည် ဂုဏ် သိက္ခာ ပိုတက်သွားနိုင်တာပေါ့။ (တမင်တကာဟာသရသမြောက်အောင် "ရွဲ့" ပြောနေတာပါ၊ တကယ်
သွားမလုပ်ပါနဲ့။ သရဝဏ် (ပြည်) ကြောင့် တိုင်းပြည်ရော၊ မြန်မာပညာရှင်တွေ ရော ဂုဏ် သိက္ခာကျဆင်းသွားပါလိမ့်မယ် တိုင်းပြည် ဂုဏ်မဆောင်နိုင်ရင်နေပါ။ တိုင်းပြည် သိက္ခာ ကိုတော့ မချကြပါနဲ့လို့ တိုင်းပြည်အပေါ် သစ္စာကြီးမားတဲ့ သူ တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးလိုပါတယ်။ )
၁၇။ သရဝဏ် (ပြည်)- အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့် ထေရ၀ါဒရဟန်းတော်များ သီတင်းသုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း များစွာ
ကို တွေ့ခဲ့ရသည်ဟု ပြောပါသည်။
ရဲရင့်သစ္စာ - ဗုဒ္ဓဘာသာ အိန္ဒိယ က ဘာလို့ကွယ်ခဲ့ရလဲ တကယ် သိချင်ရင် ကျွန်တော် ရေးထားတဲ့ "သမိုင်းဟူသည် ဤသို့တည်" စာအုပ်ကို ဖတ်ကြည့်ပါ။
၁၈။ သရဝဏ် (ပြည်)- ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိန္ဒိယမှာ ရော၊ သီရိလင်္ကာ
မှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။
ရဲရင့်သစ္စာ - ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တို့ဟာ သီရိလင်္ကာ မှာ ဘယ်လိုလဲ မပြောတတ်ပါဘူး။ အိန္ဒိယ ဒေသအများစု မှာ တော့ ရောရောနှောနှော မရှိပါဘူး။ အိန္ဒိယ က ဟိန္ဒူဘုရားကျောင်းတိုင်း
မှာ ဗုဒ္ဓရုပ်ပွားတော် မရှိပါဘူး။ မတွေ့ရပါဘူး။ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာ (ဗုဒ္ဓဘာသာ ဘုရား
ပုထိုးတိုင်းမှာ) လည်း ဟိန္ဒူနတ်ရုပ်များမရှိပါဘူး။
၁၉။ သရဝဏ် (ပြည်)- ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။
ရဲရင့်သစ္စာ - အစ္စလာမ် ဘာသာဝင် မင်းအချို့ကလွဲလို့ ဘုရင် အများစု က ဗုဒ္ဓဘာသာကို ရန်သူ
သဖွယ်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ စွမ်းနိုင်ရင်တော့ အထောက်အထားလေးနဲ့ပြောဖို့ကြိုးစား
ကြည့်လိုက်ပါ။ ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့တယ်ဆိုတာ ပေါ်ပေါ်ထင်ထင် အလိမ်အညာ (Plain Lie) ကြီးပါ။
ထပ်မံ သတိပေးချက်။ သရဝဏ် (ပြည်) နဲ့ News Watch (စောင့်ကြည့်)
ဂျာနယ်တို့ဟာ ယနေ့မှ စ၍ တစ်လ အတွင်း (1.1.2013 နောက်ဆုံးထား၍)
ကျွန်ုပ် ရဲရင့်သစ္စာ ၏ ထောက်ပြဝေဖန်မှုများသည် မှားယွင်း နေကြောင်း ပြန်လှန်
ဆွေးနွေးနိုင်ခြင်း မရှိပါက နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား တစ်ရပ် ဖြစ်
သည့် အစ္စလာမ် ဘာသာနှင့်ပတ်သက်၍ အလွဲအမှားရေးသားမှုများ ထိုးနှက်တိုက်ခိုက်
မှုများအတွက် တိုင်းသိပြည်သိ ဂျာနယ်တစ်စောင် မှ တစ်ဆင့်တရားဝင်တောင်းပန်ရန်
နှင့် အကယ်၍ ထိုသို့ တောင်းပန်ခြင်းမပြုပါက ကျွန်ုပ် ကိုယ်တိုင် တရားလိုပြု၍ တရားဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း လေးစားစွာ သတိပေးအပ်ပါသည်။
ရဲရင့်သစ္စာ (၁.၁၂.၂၀၁၂)
သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၃) ဖတ်ရန်။
No comments:
Post a Comment